မူလစာမျက်နှာ

Thursday, 10 November 2011

နာမည်အများကြီးနဲ့ သာမညဖလရှင်ဂျွန်

                     နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တွေရဲ့ လူသားကျေးဇူးရှင် အဇာတသတ်မင်းရဲ့ လပြည့်ညတောင် ရောက်လာပြန်ပြီကော။ အော်…… သာမညဖလအခါတော်နေ့တဲ့။ သာသနာ့ဝန်ထမ်း ရှင်၊ရဟန်းတွေရဲ့ အကျိုးကျေးဇူးတွေ မြတ်ဗုဒ္ဓ ရွှေနှုတ်တော်ဟလိုက်တာ အဇာတသတ်မင်းရဲ့ ဘဝလပြည့်ည ဆီးနှင်းမြူတိမ်သူရိန်မီးခိုးတွေ ကင်းပလို့ပေါ့။ သာယာငြိမ်းချမ်းလိုက်ပါဘိ။ ရှင်ဂျွန်တော့ ပြည်ဗာရာရဲ့ မျက်မှောက်ခေတ် လပြည့်ညကို အခန်းပြတင်းတံခါးက ကြည့်လိုက်ရင်း သာသနာ့ဝန်ထမ်းတွေရဲ့ မျက်မှောက်ခေတ် အခေါ်အဝေါ်တွေကို အတွေးများနဲ့  ကစားလိုက်မိပါတယ်။
      ရှင်ဂျွန်တို့ သာသနာ့ဝန်ထမ်းတွေကို မျက်မှောက်ခေတ်မှာ ရှင်၊အရှင်၊ ကိုရင်၊ဦးပဉ္ဇင်း၊ဘုန်းကြီးရယ်လို့ ရွှေပြည်ကြီးမှာ သုံးနှုန်းခေါ်ဝေါ်လေ့ရှိကြတယ်။ ဘုန်းဘုန်းလို့ ပြုံးပြုံးကြီးခေါ်ကြတာမျိုးလည်း ရှိပေသပေါ့။

ကိုရင်ဆိုတာကတော့ ရှင်ဂျွန့်ငယ်ဆရာသမား ပြောသလိုသာပြောလိုက်ရရင် “မင်းတို့ ကိုရင်လား ၊ကိုရိုင်းလား။ ယဉ်ယဉ်ကျေးကျေးရှိမှ ကိုရင်၊ ရိုင်းစိုင်းကြမ်းတမ်းရင် ကိုရိုင်း” တဲ့။
ရှင်ဂျွန်တို့ငယ်ငယ်က ကိုရိုင်းအခါခါဖြစ်ခဲ့ပြီး ကျောပြင်ပေါ် ကြိမ်လုံးအခါခါ နားခိုဖူးခဲ့ပါရဲ့..။
      
ရှင်၊အရှင်ဆိုတာ….. အရဟံ ပုဒ်ကလာတယ်။ အရဟံဆိုတာ အပူဇော်ခံထိုက်သူ၊ အရဟံ-မှ ဟ-ဟာ ဟထိုးဖြစ်ပြီး ရ-ကိုသွားကပ်တယ်။ ဒီတော့ အရှံ-ဖြစ်သွားတယ်။ အရှံ-မှ အရှင်၊ ကိုရင်တွေကို ရှင်၊ရဟန်းတွေကိုအရှင် တဲ့။ ဟုတ်ပေမယ်ပေါ့။ သာမညဖလသုတ်မှာ ရဟန်းဖြစ်သွားတဲ့ မိမိရဲ့ အစေခံကိုတောင်မှ ပူဇော်ကြရ၊ ရှိခိုးကြရတယ်ဆိုပဲ။
         ဦးပဉ္ဇင်းဆိုတာ…..ဥပသမ္ပဒ ပုဒ်ကလာပြီးတော့ ရဟန်းဖြစ်ဖို့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံသူလို့ အဓိပ္ပါယ်ရလေသတဲ့ ။ ဥပသမ္ပဒ-မှ ဥပသမ်၊ ဥပသမ်-မှ ဥပဇမ်၊ ဥပဇမ်-မှ ဦးပဉ္ဖင်းတဲ့ အခုတော့လွယ်လွယ်ဦးပဇင်းလို့ခေါ်ကြဆိုကိုး ။ ရှင့်ဂျွန့်ကျေးဇူးရှင်မိခင်ကြီးကတော့ သားမောင်ပဇင်းလို့ ချစ်ခြင်းကြီးစွာ အာလုပ်ပြုတတ်တာလွမ်းမိသေးတော့။
          ရဟန်းဆိုတာကတော့ အရဟန္တ-ပုဒ်ကလာတာ ထင်ရှားနေပါပြီး။ ဘုန်းကြီးဆိုတာကတော့ ဘုန်းကံကြီးမားလို့ ဘုန်းကြီးတဲ့။ လေးစားတဲ့ဆရာတော်ကြီးတွေကို ဘုန်းတော်ကြီးလို့လည်း ရိုသေသမှုနဲ့ သုံးစွဲကြတာ ကြားရတတ်ပါသေးတယ်။
ဒါတွေကတော့ ရှင်ဂျွန်ကြားဖူး မှတ်သားဖူးတာတွေ ပြန်စဉ်းစားမိတာပါ။
           ကဲ……. ရှင်ဂျွန်ကော။ ကလောင်နာမည်ရှေ့ဖျားမှာ “ရှင်” တတ်ထားလိုက်မိပါပြီ။ ဟိုးတစ်ခေတ်ဆီက မြန်မာ့စာပေမိုးကောင်းကင်မှာ တလက်လက်တောက်ပခဲ့ကြတဲ့ မဟာကလောင်ကြယ်ပွင့်ကြီးတွေဖြစ်တဲ့ ရှင်အုန်းညို..ရှင်ခေမာ ရှင်ဥတ္တမကျော် ရှင်မဟာရဋ္ဌသာရတို့ကို တုပလိုခြင်းတော့ မဟုတ်ကြောင်း ၀န်ခံရပေမယ်…။ ရှင်ဂျွန်က ရှင်ဂျွန်ဖြစ်နေတာကိုပဲ ရှင်ဂျွန်ပျော်လို့ မဆုံး..။

တတ်ထားတဲ့ “ရှင်” က အရဟံပုဒ်ကလာတဲ့ “ရှင်”မှဖြစ်ပါရဲ့လား။ ပူဇော်ထိုက်သူမှ ဟုတ်ပါရဲ့လား။ အော်.....ရှင်ဂျွန်……။ ပူဇော်ခံ  ထိုက်သော “ဂျွန်”…..။ ရှင်ဆိုတဲ့ဝေါဟာရက ရှင်ဂျွန့် ရင်ညွန့်ပေါ်မှာ လေးလံဖိစီးလှချည့်။ ရှင်ဂျွန်ရဲ့ ပြည်ဗာရာ လပြည့်ညဟာ ဆီးနှင်းမြူတိမ် သူရိန်မီးခိုးတို့ ခ,ခဲ့ပြီးထင်ပါရဲ့ ……….။ 

သို့သော်လည်းတဲ့ပေါ့လေ… အချို့သော လေဒီစာဆိုအချို့က သူရို့ကလောင်ရှေ့မှာ ဘောလ်ပင်ရှေ့မှာ၊ နောက်ဆုံးကီးဘုတ်ရှေ့မှာ ရှင်ညိမ်းမယ်…ရှင်နှောင်း ရှင်မိုး  စသည် တရှင်တည်း ‘’ရှင်’’ တတ်ကြတာ ရှင်ဂျွန်နှင့် ပုံလိင် ထီလိင် ကွဲပါကြောင်း….။

အမှားများစွာဖြင့်
ရှင်ဂျွန်
(သာမညဖလအခါတော်နေ့နှင့် ည)

Wednesday, 12 October 2011

ရှင်ဂျွန်ရဲ့ ၀ဋ်ကျွတ် ၀တ်ကျေလပြည့်ည

      အော်… မဟာလူသားတစ်ယောက်၏ လူ့ဝတ္တရားတာဝန် ကျေပွန်ခဲ့သော (သို့မဟုတ်) သားကောင်းသားမြတ်တစ်ယောက်၏ တာဝန်ဝတ္တရား ကျေပွန်ခဲ့သော နေ့ထူးနေမြတ် အခါသမယတောင် ကပ်ရောက်လာချေပြီကော။ 
သီတင်းကျွတ်လပြည့် (ယနေ့) လိုအချိန်ဝယ် အဘိဓမ္မာ အခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်အများစု ရှုမြင်သုံးသပ် အတွေးကပ်၍ ဘုရားသွားကျောင်းတက် ဥပုသ်သီတင်းဆောက်တည် ကုသိုလ်ဘာဝနာ မိမိသဏ္ဍာန်မှာတည်အောင် ပြုလုပ်ကြသော်လည်း မဟာလူသား မြတ်ဘုရား၏ သားတစ်ယောက်တာဝန် ကျေပွန်ခဲ့သောနေ့အဖြစ်က ရှင်ဂျွန့်အဖို့ အဓိပ္ပါယ်ပိုပြည့် အနှစ်သာရရှိနေသယောင်။

          ရွှေပြည်ကြီးမှ ရှင်ဂျွန့်ဆရာသမားတစ်ဦး မိန့်ဟဖူးသောစကား ရှင်ဂျွန့်စိတ်နားဝယ် ပြန်ကြားယောင်မိပါ၏။ ရှင်ဂျွန့်ဆရာသမား ပြောကြားခဲ့သောစကားမှာ “ ဝတ္တရားတွေကျေပွန်မှ ဝဋ်ဆင်းရဲ့မှလွတ်မယ်”ဟူ၏။

          လောကတွင် သံတူကြောင်းကွဲ စကားလုံးတွေများစွာရှိပါ၏။ ပ-ရရစ် လုံးကြီးတင် တစ်ချောင်းငင် “ပြို” ဟု အသံထွက်သလို၊ ပ-ယပင့် လုံးကြီးတင် တစ်ချောင်းငင်လည်း “ပျို” ဟု ပင်အသံထွက်ပါသည်။ အသံတူသော်လည်း အကြောင်းအရာ ကွဲလှပါ၏။ ပ-ရရစ် လုံးကြီးတင် တစ်ချောင်းငင် “ပြို” သည် ပြိုကျပျက်စီးခြင်းသဘောကိုဆောင်၍   ပ-ယပင့် လုံးကြီးတင် တစ်ချောင်းငင် “ပျို”သည် ပျိုမြစ်နုနယ်ခြင်း သဘောကိုဆောင်ပါသည်။

           အလားတူစွာ ဝ-ကို တဝမ်းပူသတ်လျှင် “ဝတ်” ဟု အသံထွက်သလို ဝ-ကို ဋ-သံလျှင်းချိပ် သတ်မူ “ဝဋ်” ဟုပင်အသံထွက်ပြန်၏။ ဝ-ကိုတဝမ်းပူသတ်သော “ဝတ်” သည် လူသားတိုင်း ကျေပွန်စွာ ထမ်းဆောင်ရမည့် ဝတ္တရားဖြစ်၍ ဝ-ကို ဋ-သံလျှင်ချိပ် သတ်သော “ဝဋ်”သည် ဝဋ်ဆင်းရဲဖြစ်ပါ၏။

            မဟာလူသား မြတ်ဘုရားသည် (၇)ဝါမြောက် တာဝတိံသာသို့ အရောက်ကြွ၍ မယ်တော်၏ကျေးဇူးကို ကျေပွန်အောင် ဓမ္မဖြင့် ကျေးဇူးဆပ်ပြီး၍ သီတင်းကျွတ်လပြည့်နေ့ဝယ် လူ့ပြည့်သို့ ပြန်ဆင်းခဲ့ပါ၏။ သို့အတွက်ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို ရှင်ဂျွန်တစ်ဦးတည်း၏ အလိုဆန္ဒအရ အဘိဓမ္မာအခါတော်နေ့ထက် မဟာလူသား မြတ်ဘုရား၏ သားတစ်ယောက်တာဝန်ကျေပွန်ခဲ့သောနေ့အဖြစ် သတ်မှတ်လိုက်ချင်ပါ၏။

             မဟာလူသား မြတ်ဘုရားသည်သာမက မြတ်ဘုရား၏ လက်ယာရံတပည့်သား ရှင်သာရိပုတ္တရာစသော မထေရ်ကြီးများသည်လည်း သားတစ်ယောက်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပါ၏။

အလျှင်းသင့်၍ ရွှေပြည်ကြီးမှ ပါးစပ်ရာဇဝင် ကမ္ဗည်းမတင်ရသေးသော သားတစ်ယောက်တာဝန် ကျေပွန်ခဲ့သောအကြောင်း ရှင်ဂျွန် ပြန်ပြောင်းပြောချင်ပါသေး၏။

          မန္တလေးတိုင်း မတ္တရာနယ်တွင် ဘုရားဆင်းတုတော် ထုတ်လုပ်သော စကျင်တောင်ရှိပါသည်။ ထိုစကျင်တောင်၏သမိုင်းတွင် အသောကမင်းကြီး ကံတော်ကုန်ခါနီးဝယ် သူ့မှာ လှူဒါန်းစရာ သျှစ်သျှားသီးတစ်ခြမ်းသာကျန်တော့ကြောင်း စဉ်းစားမိ၍ နှလုံးမသာမယာဖြစ်ခါ ကံကုန်သော် ထိုတောင်တွင် စပါးကြီးမြွေ ဖြစ်ရသည်ဟူ၏။ သားတော်မဟိန္ဒမထေရ်သည် သူ့ခမည်းတော် မည်သည့်ဘဝ ရောက်နေသနည်းဟု ဆင်ခြင်သော် စပါးကြီးမြွေဖြစ်နေကြောင်း သိရ၍ ထိုတောင်သို့သွားပြီး ခမည်တော်စပါးကြီးမြွေကို တရားဟော၊ သီလဆောက်တည်စေ၏။ ခမည်းတော်စပါးကြီးမြွေသည် ထိုအခါမှစ၍ အသားများကိုရှောင်ကြဉ်သဖြင့် ထိုတောင်ကို သားကြဉ်တောင်ဟု ခေါ်ကြသည်။ ကာလရွေ့လျှောလာသော် သားကြဉ်မှ စကျင်တောင်ဟု ဖြစ်လာသည်ဆို၏။

          ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ ရှင်ဂျွန့်ရင်ကို တာဝန်ကျေသော သားတစ်ယောက်က ဝင်ရောက်နေရာယူသွားသည်မှာတော့ အမှန်ပင်။

          လူသားတို့တွင် မိဘဝတ္တရား၊ သားသမီးဝတ္တရား၊ ဆရာဝတ္တရား၊ တပည့်ဝတ္တရား၊ အကြီးအကဲဝတ္တရားစသည်ဖြင့် ဝတ္တရားများကိုယ်စီ ရှိကြသည်သာဖြစ်၏။ ထိုဝတ္တရားများကို ကျေပွန်မှ ဝဋ်ဆင်းရဲက လွတ်မြောက်ပေလိမ့်မည်။ လူသားတိုင်း ဆင်းရဲတော့ကင်းချင်ရှာကြပေလိမ့်မည်။ သို့သော် ဝတ္တရားများကော ကျေပွန်ကြပါ၏လော။

ဖိတ်လို့သာဖိတ်ရ စိတ်ကတော့ သိပ်မလုံပါရှင့် ဟူသောသီချင်းလေးကို အဆိုတော် နီနီဝင်းရွှေ သီဆိုသည်ကို ရှင်ဂျွန်ကြားဖူးပါသည်။ ရှင်ဂျွန်လည်း ပြောသာပြောရ စိတ်ကောတော့ သိပ်မလုံလှ။ရှင်ဂျွန်ကော...ဝတ္တရားတွေ ကျေပွန်ပါရဲ့လား။ ကျေပွန်အောင်လုပ်မည်ဟု စိတ်ကူးကောရှိပါရဲ့လား။ မည်သည့်အချိန်တွင်မှ ကျေပွန်ပါမည်လဲ။ မေးခွန်းပေါင်းစုံသည် ရှင်ဂျွန့်ရင်ကို တရစပ် မရပ်မနား ထိုးနှက်ပစ်ခတ်လျှက်…………..။

အမှားများစွာဖြင့်
ရှင်ဂျွန်
(၁၂-၁၀-၂၀၁၁ သီတင်းကျွတ်လပြည့်)




Sunday, 9 October 2011

“ရှင်ဂျွန်ရဲ့ ပဝါရဏာ အတွေးစများ”

အလုပ်မရှိ ငုံးတိတိနှင့် နှုံးချိမဲ့ယောင် အူကြောင်ကြောင်ကို နောင်လဲမလို ခုလဲပို၏ ---ဟူသော သြဝါဒပျို့လေးကို ရှင်ဂျွန့်၏ ရွှေပြည်တော်ကြီးမှ ဆရာသမားတစ်ဦး အမြဲတမ်းတဖွဖွ ဆုံးမဖူးပါ၏။ ရှင်ဂျွန့်မျက်မှောက်ဘဝ သြဝါဒလေးနဲ့ တသားထဲကျခဲ့ပြီးလောမသိ။
        
ရှင်ဂျွန်တို့ ကျောင်းအပ်ပြီး ကျောင်းမှမတတ်ရသေး၊ ကာဠီမယ်တော် ပူဇာကရဏပွဲတော်ဖြစ်၍ ကျောင်း(၁၅)ရက်ပိတ်လိုက်သောဟူ၏။ “ခန့်စာမှမရောက်သေး၊ ဖြုတ်စာကအရင်ရောက်နှင့်” ဟူသော ရွှေပြည်တော်ကြီးမှ အများသုံးဝေါဟာရအတိုင်း ကြုံလိုက်ရ၏၊ ရှင်ဂျွန့်မှာ ကျောင်းလဲမသွားရ၊ ငုံတိတိနှင့်အူကြောင်ကြောင်။ မဖြစ်သေး။ ခုလဲမလို နောင်လဲပိုနေမှဖြင့် ----- ။
         
ရှင်ဂျွန် ပိဋကတ်တော်ထဲ ခုန်ဆင်းလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင် ရှင်ဂျွန်ခုန်ဆင်းလိုက်မိသည်က မဟာဝါ။ ဖတ်ရင်းဖတ်ရင်း ပဝါရဏာပိုင်းသို့ရောက်လာ၏။ အော်----- ရဟန်းတော်တို့၏ ညီညွတ်မှု unity ပွဲတော် ပဝါရဏာနေ့တောင် ရောက်လုချေပြီးကော။
 
           ရှင်ဂျွန့်ကို ပဝါရဏာဆိုသည့် စကားလုံးက တိတိကျကျ ဖမ်းစားလိုက်၏။ ပဝါရဏာဆိုသည်မှာ ဖိတ်ကြားခြင်းဟု အဓိပ္ပါယ်ရပါ၏။ အတိအကျ မြန်မာလို ဘာသာပြန်ရချေသော် အပြစ်ကို မြင်တွေ့ကြားသိ သံသယဖြစ်မိသော် ဖုံးကွယ်မှုမရှိ ပကတိပွင့်လင်းစွာဖြင့် ဆုံးမပေးတော်မူကြပါ အပြစ်မြင်သော် ရင်ဘတ်ထဲမှာ သိုဝှက်မထား ပြောကြားတော်မူကြပါ---ဟု ဖိတ်ကြားခြင်းဖြစ်ပါ၏။
 
         ဤကဲ့သို့ဖိတ်ကြားရာမှာလည်း ရဟန်းတော်များ တစ်သိမ်တည်းမှာ စုဝေးကြပြီးသော် ဝါတော်အကြီးဆုံး မထေရ်ကြီးက လက်ဝဲတစ်ဖက် ပုခုံးထက်ဝယ် ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီကာ--
“ငါ့ရှင်တို့ သံဃာကိုဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ၊ ငါ့ရှင်တို့သည် ငါ့အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကြကုန်လော။ အပြစ်ကိုမြင်သည်ရှိသော် ကုစားပါအံ့” ဟု-- အဓိပ္ပါယ်ရသော ပါဠိဘာသာစကားဖြင့်သုံးကြိမ်သုံးခါ  ဖိတ်ကြားရ၏။
 
           ထို့နောက် ဝါစဉ်အလိုက် တစ်ပါးပြီးတစ်ပါး ဖိတ်ကြားပြီးသော် ဝါအငယ်ဆုံးရဟန်းက နောက်ဆုံးမှဖိတ်ကြားရ၏။
 
         ရှင်ဂျွန်စဉ်းစား အတွေးပွားမိသည်မှာ ရဟန်းတော်တို့ ပဝါရဏာပြုသကဲ့သို့ လူသားတို့လည်း မိသားစုပဝါရဏာ၊ ရပ်/ကျေးပဝါရဏာ၊ မြို့နယ်ပဝါရဏာ၊ ခရိုင်ပဝါရဏာ၊ တိုင်းပဝါရဏာ၊ နိုင်ငံပဝါရဏာ၊ ကမ္ဘာ့ပဝါရဏာ ပွဲတော်များ ပြုလုပ်လိုက်ရလျှင် အတီမျှကောင်းချိမ့်မည်နည်း။
 
          ဥပမာ မိသားစုပဝါရဏာဆိုလျှင် မိသားစုစုံညီစုဝေး၍ အဖေနှင့်အမေကစတင်ကာ “သားတို့သ္မီးတို့ အဖေတို့အမေတို့ရဲ့ အပြစ်တွေကို မြင်တွေ့ကြားသိ ယုံမှားဖြစ်မိရင် အဖေတို့အမေတို့ကို အားမနာပါနဲ့ ပွင့်ပွင့်လင်းလင်းပြောကြ၊ အဖေတို့အမေတို့ နောင်မဖြစ်အောင် နေထိုင်သွားကြမယ်ကွယ့်” ဟု ပြောကြားရမည်ဖြစ်သလို သားတို့သ္မီးတို့ကလည်း အဖေတို့အမေတို့ကိုတဖန် အပြစ်တွေ့က ဆုံးမရန် ခွင့်ပန်ကြရပေလိမ့်မည်။
 
       အလားတူ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံတော်၊ ကမ္ဘာ့လူကြီးတွေလည်း………။
       ရှင်ဂျွန့်စိတ်မျက်စိဝယ် နိုင်ငံအသီးသီးမှ လူကြီးများ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ၍ နိုင်ငံတော်သူ နိုင်ငံတော်သားများကို တီဗွီထဲမှ…………….။ 
  ငြိမ်းချမ်းပျော်ရွှင်သော မိသားစု ၊နိုင်ငံ ၊ ကမ္ဘာကြီးအဖြစ်သို့ရောက်ရန် ကျွန်ုပ်တို့ အချင်းချင်းနားလည်မှုရှိဖို့ လိုအပ်သည် (To be peaceful and happy family /country /world , we all need the mutual understanding ) ဟု ရှင်ဂျွန် ကြားဖူးမှတ်သားဖူးပါ၏။ အပြစ်ကိုမြင်သော် အပြုသဘောဆောင်သော ရေးသားပြောဆို ဆုံးမမှု၊ အပြစ်ထောက်ပြပြောဆိုဆုံးမသော် ရွှေစိတ်တော်မညိုကြပဲ လက်သင့်ခံစဉ်းစား ပြုပြင်သွားနိုင်မှုများရှိမှ တော်ပေလိမ့်မည်။ 

အပြစ်ကိုမြင်တွေ့သော် ဝေဖန်အကြံပေးရန် တောင်းပန်ဖိတ်ကြားရဲသောသတ္တိ၊ အပြစ်ကိုထောက်ပြပြောဆိုသော် လိုက်နာကျင့်ကြံနိုင်ရဲသော သတ္တိ လူသားတို့ ယနေ့ကမ္ဘာတွင် လိုအပ်နေပါပြီ။ သို့မှသာ မိဘနှင့် သားသမီး ဆရာနှင့် တပည့် လူကြီးနှင့်လူငယ် အရာရှိနှင့်လက်အောက်ငယ်သား နိုင်ငံအကြီးအကဲနှင့် တိုင်းသူပြည်သားတို့ ငြိမ်းချမ်းပျော်ရွှင်သော လူမှုအသိုင်းအဝိုင်း လူ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပေလိမ့်မည်။ 

တနည်းအားဖြင့် လူသားပဝါရဏာများ ကမ္ဘာအနှံ့အပြားတွင် များသည်ထက်များအောင် ပြုလုပ်ဖို့ သင့်တော်နေပါပြီ။
        
ရှင်ဂျွန်တော့ ပဝါရဏာနေ့မရောက်သေးသော်လည်း ကြိုတင်၍ pre ပရီပဝါရဏာ ပြုလုပ်လိုက်ပါ၏။
ရှင်ဂျွန်၏စာများတွင် အယူအဆလွဲမှားမှု၊ အကြောင်းအရာ မဆီလျှော်မှု၊ စကားလုံးဖောင်းပွမှု၊ အရေးအသားညံ့ဖျင်းမှု၊ ဝါကျအထားအသိုမှားယွင်းမှု၊ တစ်စုံတစ်ဦးကို ထိရှစေမှု စသောအမှားများ ပါသွားခဲ့သော်……………………….။

                                                                
အမှားများစွာဖြင့် 
ရှင်ဂျွန်
(  10.10.2011  )

Monday, 3 October 2011

ရှင်ဂျွန် မိဂဒါဝုန် အမှန်တရားများနှင့် ဝေးကွာနေနေဆဲ...........။

“ဘ၀”
ဆယ့်ခြောက်အဆင်နဲ့
ဘ၀ကိုရင်ခုန်မချင်လို့
နောက်တစ်ဖဲ ထပ်ဆွဲကာမှ
ဆယ်ဖဲက တက်လာ….။
      ရှင်ဂျွန် ရွှေပြည်တော်တွင် နေထိုင်တော်မူစဉ်က ရှင်ဂျွန့်ရင်ကို ပြင်းပြင်းရှရှ ထိရှခဲ့ သော  မဂ္ဂဇင်းဘုတ်အုပ် တစ်ခုထဲမှကဗျာလေးဖြစ်ပါ၏။ ရွှေပြည်တော်သားတို့ထုံးစံ သီးချင်းသာသိ၍ သီးချင်းရေးသူကိုမသိဘိသကဲ့သို့ ကဗျာရေးသူကိုကား ရှင်ဂျွန် memory အောက်ခဲ့လေ ပြီး။                        

    "ထိုင်နေတော့အကောင်းသား၊ ထသွားမှကျိုးမှန်းသိ"  "သေချင်တဲ့ကျား တောပြောင်း" စကားပုံတို့သည် ရှင်ဂျွန်တို့ဘက်တော်သားဖြစ်၍ "တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟူသောစကားပုံသည် ရှင်ဂျွန်တို့ကို သူစိမ်းဆန်ရက်လေပြီးလော။ဆယ့်ခြောက်နဲ့ရပ်လိုက်လျှင် ဘဝကို လှလှပပမဖြစ်တောင် ခပ်တည်တည် ရှင်သန်ခွင့် ရနိုင်လျှက်နှင့် ရှင်ဂျွန်တို့ ကိုယ့်ဘဝကို ရောင်ရဲတင်းတိမ်နိုင်မှုဘောင်အား ကျော်လွန်သွားခဲ့လေပြီ။                           

      ရှင်ဂျွန်တို့ အိပ်မက်တွေ တစ်ပွေ့တပိုက်ကြီးနှင့် မြတ်ဗုဒ္ဓ၏ အမှန်တရားတို့ ထွန်းပခဲ့ရာ ဇာတကထဲမှ ဇာတ်လိုက်မြို့တော်ကြီးသို့ ရောက်ခဲ့ပါ၏။ ရွှေပြည်တော်၊ မိဘ၊ ဆွေမျိုး၊ နှလုံးသားချင်း ထပ်တူကျခဲ့သူများနှင့် ဝေးကွားခဲ့ရ၏။ နတ်မြို့တော်သုံး စကားလုံး (ဒေဝနာဂရီ အက္ခရာ) များနှင့် စိတ်မပါပဲ လက်ထပ်လိုက်ရ၏။ ဖြစ်နိုင်လျှင် ရှင်ဂျွန် နောက်ခုန်ဆုတ်လိုက်ချင်၏။ မရတော့။ ခြေတစ်လှမ်းစာမက ဘဝပါ ကျွံထွက်သွားလေပြီ။                            

    ဗာရာဏသီသို့ရောက်၍ နှစ်ပတ်မြောက်နေ့တွင် ရှင်ဂျွန့်မိတ်ဆွေ ကိုယ်တော်လေး၏ မယ်တော်ဆုံးပါးသွားကြောင်းသတင်းဆိုးစကား ရှုင်ဂျွန့်နှလုံးသားအား ဓားထက်ထက်ဖြင့် မွှန်းသွားချေ၏။ မိတ်ဆွေကိုယ်တော်လေးခမျာ ရွှေပြည်တော်အား ပြန်သွားချင်၏။ ရဲစတေးကား မရသေး။ Departure (ထွက်ခွါခွင့်) သည် ကိုယ်တော်လေး၏ဆန္ဒကို ရိုက်ချိုးပစ်လိုက်၏။ ကိုယ်တော်လေးဘာလုပ်မည်နည်း။ မြတ်ဗုဒ္ဓအလိုတော်ကျ ကောင်းမှုပြု အမျှအတမ်းပေးဝေ ရုံမှတပါး.........။                           

   မိတ်ဆွေကိုယ်တော်လေးက ဗာရာဏသီရောက် ရှင်ဂျွန်တို့ ပညာသင်ရဟန်းတော်များအား သူ့မယ်တော်အတွက်ရည်စူး၍ ဆွမ်းတစ်နပ် ကပ်ပါ၏။ ဆွမ်းဝိုင်းတွင် အသံတွေတိတ်ဆိတ်၊ စကားလုံးတွေဆွံ့အ၊ ချက်ထားသောဆွမ်းနဲ့ဟင်းလျှာသည် ရဟန်းတော်တို့၏ ဥပေက္ခာပြုခြင်းကို ခံလိုက်ရ၏။ ရှင်ဂျွန်တို့အားလုံး၏ မျက်နှာသည် ရဟန်းတော်တို့၏ ဟန်ဆောင်ပန်ဆောင် သမာဓိတရားဖြင့် အနိုင်အထက်ပြုခြင်း ခံလိုက်ရ၍သာ တော်တော့၏။ မယ်တော်ကြီး ကောင်းရာသုဂတိ ရောက်ပါစေဟူ၍သာ ရင်တွင်းတိုးတိတ် နာကျင်စိတ်ဖြင့် ဆုတောင်းလိုက်ရပါပြီကော။                            

      ချစ်သောသူနှင့် ကွေ့ကွင်းရခြင်းသည် ဆင်းရဲ၏---ဟူသော အမှန်တရားကို မြတ်ဗုဒ္ဓ မိဂဒါဝုန်တွင် ချပြ၍ ဆင်းရဲပယ်ကြောင်း ဒဿနတွေကိုပါ ဖွင့်ဟခဲ့ပါ၏။ ရှင်ဂျွန် ပုထုဇဉ် ဥခွံအတွင်းမှ ရုန်းမထွက်နိုင်သေး။ မိဂဒါဝုန်အမှန်တရားများနှင့် ဝေးကွာနေနေဆဲ။ တချိန်ချိန်တွင်တော့……………………။ အနာဂတ်သည် ၀ိုးဝါး မှုန်ရီ။   ။
အမှားများစွာဖြင့် --------ရှင်ဂျွန်။
3/10/2011

Monday, 26 September 2011

ရှင်ဂျွန် ချက်ပြင်နေသည်။ chatting မအားပါ...

အိန္ဒိယသို့ရောက်လာကြသော ရှင်ဂျွန်တို့လို ပညာသင်ရဟန်းတော်များအတွက် ၀မ်းပင်လယ်တွင် ကူးခပ်ဖို့ စိုင်းပြင်ရခြင်းသည် လွယ်မရောင်နှင့် ခက်လုချေ၏။ ရွှေပြည်တော်တွင် နေထိုင်တော်မူစဉ်က ၀မ်းရေးပြဿနာ အဖြေရှာဖို့ လက်သုံးတော် သံသပိတ်ဖြင့် လုံလောက်ပါ၏။  မိတ်ဆွေဒါယိကာမတစ်ဦး ပြောဘူးသောစကား ပြန်ကြားယောင်မိသေး၏။  အလှူခံရဲစေ၊ သပိတ်မဲစေ၊ နောက်တစ်ခုပြဲစေ
.....ဒါမှ မောင်ပဉ္ဇင်း ၀မ်းဝ ခါးလှမည်။ ဟူ၏။ မြတ်ဗုဒ္ဓ၏ သစ္စာပန်းတို့ ပွင့်လန်းခဲ့ရာ အရပ်တွင် ဟိုရှေးယခင်ကလို မဟုတ်တော့ချေပြီတည်း။ မည်သူ့ကို သွားအလှုခံမည်နည်း။ သပိတ်ပိုက်၍ မည်သူ့အိမ်တွင် ဆွမ်းရပ်မည်နည်း။ အဲနောက်ဆုံးတစ်ခုသာ ကုလားပြည်ဖြစ်၍ ဖြစ်နိုင်၏။
              ဘာသာတရား အုဌ်တံတိုင်းခြားနေသော ဤနေရာဝယ် ရှင်ဂျွန်တို့ ကိုယ်တိုင်ဈေးဝယ်ထွက်၊ ကိုယ့်ဘာသာကိုယ်ချက်၊ ဘယ်လက်နှင့်ကပ်၍ ညာလက်နှင့် ဘုန်းပေးရတော့မည်။ရှင်ဂျွန်တို့ ငှါးနေသော အိမ်ဝယ် မြန်မာရဟန်းတော်များစုပေါင်း၍ ၀မ်းရေးကိစ္စဖြေရှင်းကြရ၏။ ဆွမ်းချက်လှည့်ကို စီစဉ်ကြရ၏။ (၂ )ပါး၊ တစ်တွဲ၊ တစ်တွဲ (၁ )ပတ်။ အလှည့်ကျအတွဲက ဆွမ်းကိစ္စ ချက်ပြုတ်ကြရ၏။
              ရောက်ပါချေပြီ.....ရှင်ဂျွန်တို့ဆွမ်းလှည့်။
             ကံဆိုးခြင်းတို့သည် ရှင်ဂျွန်တို့အပေါ် လိပ်စာတိတိကျကျတပ်၍ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချေပြီထင့်။ရှင်ဂျွန်တို့အလှည့်မှ မိုးက အညိုးကြီးလှပါဘိ။ မိုးနှင့်အတူ တွဲဘက်ကူ၍ ရှင်ဂျွန်တို့ကို နှိပ်စက်သူမှာ လျှက်စစ်မီး။ မိုးသဲသဲ မှောင်မဲမဲ မီဖိုခန်းကျဉ်းကျဉ်းလေးထဲတွင် gas မီးဖို မရဲတရဲလေးဖြင့် အရုဏ်ဆွမ်းကိစ္စ လုံးပန်းကြတော့၏။ ဆန်ဆေး၊ ပန်းကန်ဆေး၊ ချဉ်ပေါင်ရွက်သင်၊ ကြက်သွန်ဖြူနီခွါ၊ မုံလာဥ လွာရခြင်းတို့သည် နာရီတွေကို လိုအပ်သည်ထက် ပို၍ စားသွား၏။ အရုဏ်ဆွမ်းသည် နေ့ဆွမ်းအသွင် ကူးပြောင်းရတော့မည်လော။ ဆွမ်းကတော့ ကျက်ပါ၏။ ဟင်းအတွက်လုံးပန်းရာတွင်မူ ထင်မှတ်မထားသော ရန်သူပေါ်လာ၏။ အသူဟုတ်ရအံ့နည်း။ အချဉ်ဟင်းချက်ရင်းတန်လန်း gas ကုန်ခမ်းသွားခြင်းတည်း။
                                              မိုးကရွာ
                                              မီးကလဲ မလာသေး။
                                              gas ရယ်ကုန်၊
                                              ရှင်ဂျွန်တို့ ဖြစ်ပုံကိုမြင်လှည့်ပါ့
                                               ( အို  ဗျာ....၀ိသာခါတကာမကြီးရယ်)
                                               လွမ်းလှချည်လေး။   ။

               gas ၀ယ်ရန် နေရာမသိ၍ စီနီယာရဟန်းတော်တစ်ပါးကို အကူအညီတောင်းရ၏။ မိုးသဲသဲ စက်ဘီနောက်ကဆွဲထားသော လှည်းကျဉ်းကျဉ်းလေးထဲတွင် မြန်မာရဟန်းတော်(၂) ပါး သင်္ကန်းကြီးတလွှားလွှားဖြင့် မြန်မာပြည်ကထွက်သောgasုကို ကုလားနိုင်ငံ ကုလားဆိုင်တွင် ကုလားလိုပြော၍ သွားဝယ်ကြရ၏။ အလျဉ်းသင့်၍ ပြောရပါဦးမည်။ ရှင်ဂျွန်တို့ကိုယ်တိုင် ဈေးဝယ်ထွက်ရသဖြင့် လိုအပ်မည်ထင်သော ကုလားစကားလုံးများကို နုတ်တက်တက်ရွရွ ဆောင်ထားကြရ၏။ ဥပမာ...ကတ်တနာဟဲ---ဘယ်လောက်လဲ။ ဂျာယေးကာ--- သွားမယ်။ ဘတ်ဇ်--- ရပ်။ ကျလိုး----သွား....စသည်ဖြင့် ဈေးဝယ်ဖို့ ၊ ဂါဒီစီးဖို့ နေ့စဉ်အသုံးချ စကားလုံးများဖြစ်၏။
gas ၀ယ်ပြီးအပြန် ရှင်ဂျွန်တို့ နေရပ်အရောက်တွင် စီနီယာရဟန်းတော်က ဂါဒီသမားကို ရပ်ဖို့ ဘတ်ဇ် လို့အပြော၊ ရှင်ဂျွန်လည်း ကုလားစကားပြော expert ဖြစ်ကြောင်း ကြွားလိုသည်နှင့် ကျလိုး ဟု ပြောမိ၏။ အမှားကြီးရေချာ မှားချေပြီကော။ ဂါဒီသမားခမျာ ရပ်ပဲ ရပ်ရမလို၊ သွားပဲ သွားရမလို။ မိုးရေတွေစိုစွဲ၊ ငိုပွဲမှ ရယ်ပွဲဖြစ်ခဲ့ရသေး၏။ အရုဏ်နှင့်နေ့ကို ရောကျိုထားေးသာ ဆွမ်းသည် ချဉ်ဟင်တစ်ခွက်ဖြင့် ခန့်ခန့်ငြားငြားကြီး ပြုံးလို့။ မိတ်ဆွေရဟန်းတော်တို့က မေတ္တာမိုးတွေ ပက်ပက်စက်စက်ရွာချ၏။ မင်း ရှင်ဂျွန်မဟုတ်၊ ချဉ်ဂျွန်...တဲ့။
          သေစမ်းပ၊ မြို့နယ်က လူကြီးတွေရယ်၊ အချဉ်ဟင်းတစ်ခွက်၏ စနက်ကြောင့် နာမည်အသစ် ရှင်ဂျွန့်အနာဂတ် page တွင် တွင်ရစ်ပြန်ပြီကော။
           ရွှေပြည်ကြီးမှ အသားမဲမဲ အသံပြဲပြဲ ရှင်ဂျွန့်မိတ်ဆွေမလေးရေ.....
           ရှင်ဂျွန် ယခုအပတ် chatting နဲ့ အဆက်ဖြတ်လိုက်ရပါပြီ။ chatting အစား ချက်ပြင်နဲ့ ( ဆွမ်းချက်၊ ဆွမ်းပွဲပြင်) နှစ်ပါးသွားရပါတော့မည်။ ည ကမူ ရှင်ဂျွန် အိပ်မက် မက်၏။ အိမ်မက်ထဲတွင် ဘီယွန်ဆေး က For the first day of the cook shin john သီချင်းကြီးကို အပီအပြင်ဟဲလို့။ ရှင်ဂျွန်လဲ တစုံတယောက်သောသူနှင့် OBAMA နဲ့ သူ့ Lady ကြီး စတိုင်လ် စည်းချက်ညီညီ ယိမ်းထိုးကခုန်လို့။                   ။
အမှားများစွာဖြင့်  ရှင်ဂျွန်။

၂၆. ၉. ၂၀၁

Saturday, 24 September 2011

ပုံပြင်စာအုပ်ကြီးထဲက ရှင်ဂျွန်

ဗာရာဏသီသို့ရောက်ပြီး ရှင်ဂျွန် ဂျီပြော သမင်ပြောထဲသို့ ခုန်ဆင်းကာ မိတ်ဆွေတစ်ချို့နှင့် ဗာရာဏသီ၏ နေ့နှင့် ညကို ဖြတ်သန်းခဲ့ပါ၏။ အညာသား ရှင်ဂျွန်သည်ပင် ကျောပါမက ဆံပင်မွေးညှင်း အစ  ကော့နေအောင်ခံရသော ဗာရာဏသီ၏ ပူအိုက်မှုဒဏ်ကို မိတ်ဆွေတို့၏ စကားလုံးနုအေးလေးများဖြင့် တွန်းလှန်ရိုက်ချိုးပစ်ခဲ့ရပါ၏။ ကျေးဇူးတော် ကြီးမားလှပါဘိတောင်း။    
        အဲ...သို့သော်...သို့သော်လည်းပေါ့........
        ဗာရာဏသီရောက် ၂ ရက်မြောက်နေ့ဝယ် ရှင်ဂျွန် အမျိုးသမီးမိတ်ဆွေမလေးတစ်ဦးနှင့် ဂျီပြော သမင်ပြောထဲ့သို့ ခုန်ဆင်းခိုက် ရှင်ဂျွန်၏ အိန္ဒိယတွင် ယခုနေသော နေရပ်ကိုမေးလိုက်သဖြင့် ''ဗာရာဏသီ၊ သိလား" ဟု ရှင်ဂျွန်က ပြန်ဖြေ ၊မေးလိုက်ရာ ထိုအမျိုးသမီး မိတ်ဆွေမလေး ပြောသောစကားကြောင့် ရှင်ဂျွန် အရှင် လတ်လတ် ပုံပြင်စာအုပ်ကြီးထဲသို့ ၀င်ကပ်လိုက်ရပါပြီကော။
        အမျိုးသမီးမိတ်ဆွေမလေး ပြောသောစကားမှာ...
       "" ပုံပြင်စာအုပ်တွေထဲမှာတော့ ဗာရာဏသီကို တွေ့ဖူးတယ်"".....ဟူ၏။
        သေစမ်းပ ရပ်ကွက်ထဲက လူကြီးတွေရယ် ၊ပြည်မသိ ဗာရာဏသီ မင်းမသိ ဗြဟ္မဒတ် ဟု ရှင်ဂွန် ငယ်ငယ်က လူကြီးသူမတို့ပြောသော စကားကို ပြန်ကြားယောင်မိပါ၏ ။ ဆိုးလိုက်ပ၊ ပုံပြင်စာအုပ်ကြီးထဲမှာ ငုတ်တုတ်ကြီး ငိုင်နေသော ရှင်ဂွန် ၊ ကိုယ့်ကိုယ်ကို တွေးပြီး ........................။

အမှားများစွာဖြင့်
ရှင်ဂျွန်
(၂၃-၉-၂၀၁၁)


ဘ၀မှား နေရာမှား လူမှားကြားတွင် ရှင်ဂျွန်တော့ နာမည်ပါမှားခဲ့ပြီ။

မန်မာပြည်တွင်းရှင်ဂျွန်ရှင်သန်ခဲ့စဉ်က ငယ်ဆရာပေးခဲ့သော ကုသုမ ဆိုသော ဘွဲ့အတွက် ရှင်ဂျွန် ၀မ်းသာအဲမတ် အလွန်ပင်ကျေနပ်ခဲ့ဘူးပါ၏။ 

ပါဠိလို ကုသုမ၊ သိုးဆောင်းအက္ခရာဖြင့် flower ၊ မြန်မာဘာသာစကားအနေနဲ့ ပန်း ကြည်နူးတိမ်းညွတ်ဖွယ်အမည်နာမ ဖြစ်နေသည်ကတစ်ချက်၊ ခေတ်အဆက်ဆက် မြန်မာရဟန်းတော်များ ဘွဲအမည်ပေးခဲသည်ကတစ်ကြောင်း ကြောင့် အလွန်ကောင်းသောအမည်ဟု ရှင်ဂျွန် နာထင်ရဲ့အပေါ် ဆံပင်တောင်ကျော်၍ သွေးရောက်ခဲ့ဘူးပါ၏။

      ရှင်ဂျွန် အိန္ဒိယနိုင်ငံ ဇာတ်တော်ထဲက ဇာတ်လိုက်မြို့သို့ရောက်သောအခါ အလွန်ဂုဏ်ယူနှစ်ချိုက် ကြည်နူးကျေနပ်လိုက်မိသောထို ကုသုမ ဟူသော အမည်သည် ရှင်ဂျွန်၏ ရင်ညွှန့်ကို တည့်တည့်ကြီးထိုးစိုက်လိုက်ချေပါတော့၏။ တစ်နေ့ မှတ်မှတ်ရရ ရှင်ဂျွန်၏ မိတ်ဆွေ တိဗက်တန်တက္ကသိုလ် ဧည့်ပါမောက္ခကိုယ်တော်လေးက ရှင်ဂျွန့်ကို SUCITTA ဟူသော ကထိက အမျိုးသမီးတစ်ဦးနှင့် မိတ်ဆက်ပေးပါ၏။

ရှင်ဂျွန်၏ ကုသုမ ဟူသော အမည်ကို I am KUSUMA. ဟု မိတ်ဆက်ပေးလိုက်သည်နှင့် ထို ကထိကအမျိုးသမီး က အံသြ အားနာ ရယ်ချင်စိတ်ကို မျိုသိတ်ထားရသော အသံဖြူ နီ ပြာ ၀ါဖြင့် ပြန်ပြောလိုက်သော စကားကြောင့် ရှင်ဂျွန် ဘ၀မှား နေရာမှား လူမှားများကြားတွင် နာမည်ပါမှားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရပါချေတော့၏။
       ကထိကအမျိုးသမီး ပြောလိုက်သောစကားမှာ-----
                 Oh , it's a female name. ဟူ၏။       

    သေစမ်းပါ့ ရွာထဲကလူကြီးတွေရယ်၊ အိန္ဒိယမှာ ကုသုမဆိုတာ အမျိုးသမီးတွေသာ မည့်ကြတဲ့နာမည်တဲ့။ယောင်ပြီး ကိုယ့်သင်္ကန်းကိုတောင် စမ်းလိုက်မိပါရဲ့။  ။