အိန္ဒိယသို့ရောက်လာကြသော ရှင်ဂျွန်တို့လို ပညာသင်ရဟန်းတော်များအတွက် ၀မ်းပင်လယ်တွင် ကူးခပ်ဖို့ စိုင်းပြင်ရခြင်းသည် လွယ်မရောင်နှင့် ခက်လုချေ၏။ ရွှေပြည်တော်တွင် နေထိုင်တော်မူစဉ်က ၀မ်းရေးပြဿနာ အဖြေရှာဖို့ လက်သုံးတော် သံသပိတ်ဖြင့် လုံလောက်ပါ၏။ မိတ်ဆွေဒါယိကာမတစ်ဦး ပြောဘူးသောစကား ပြန်ကြားယောင်မိသေး၏။ အလှူခံရဲစေ၊ သပိတ်မဲစေ၊ နောက်တစ်ခုပြဲစေ
.....ဒါမှ မောင်ပဉ္ဇင်း ၀မ်းဝ ခါးလှမည်။ ဟူ၏။ မြတ်ဗုဒ္ဓ၏ သစ္စာပန်းတို့ ပွင့်လန်းခဲ့ရာ အရပ်တွင် ဟိုရှေးယခင်ကလို မဟုတ်တော့ချေပြီတည်း။ မည်သူ့ကို သွားအလှုခံမည်နည်း။ သပိတ်ပိုက်၍ မည်သူ့အိမ်တွင် ဆွမ်းရပ်မည်နည်း။ အဲနောက်ဆုံးတစ်ခုသာ ကုလားပြည်ဖြစ်၍ ဖြစ်နိုင်၏။
ဘာသာတရား အုဌ်တံတိုင်းခြားနေသော ဤနေရာဝယ် ရှင်ဂျွန်တို့ ကိုယ်တိုင်ဈေးဝယ်ထွက်၊ ကိုယ့်ဘာသာကိုယ်ချက်၊ ဘယ်လက်နှင့်ကပ်၍ ညာလက်နှင့် ဘုန်းပေးရတော့မည်။ရှင်ဂျွန်တို့ ငှါးနေသော အိမ်ဝယ် မြန်မာရဟန်းတော်များစုပေါင်း၍ ၀မ်းရေးကိစ္စဖြေရှင်းကြရ၏။ ဆွမ်းချက်လှည့်ကို စီစဉ်ကြရ၏။ (၂ )ပါး၊ တစ်တွဲ၊ တစ်တွဲ (၁ )ပတ်။ အလှည့်ကျအတွဲက ဆွမ်းကိစ္စ ချက်ပြုတ်ကြရ၏။
ရောက်ပါချေပြီ.....ရှင်ဂျွန်တို့ဆွမ်းလှည့်။
ကံဆိုးခြင်းတို့သည် ရှင်ဂျွန်တို့အပေါ် လိပ်စာတိတိကျကျတပ်၍ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချေပြီထင့်။ရှင်ဂျွန်တို့အလှည့်မှ မိုးက အညိုးကြီးလှပါဘိ။ မိုးနှင့်အတူ တွဲဘက်ကူ၍ ရှင်ဂျွန်တို့ကို နှိပ်စက်သူမှာ လျှက်စစ်မီး။ မိုးသဲသဲ မှောင်မဲမဲ မီဖိုခန်းကျဉ်းကျဉ်းလေးထဲတွင် gas မီးဖို မရဲတရဲလေးဖြင့် အရုဏ်ဆွမ်းကိစ္စ လုံးပန်းကြတော့၏။ ဆန်ဆေး၊ ပန်းကန်ဆေး၊ ချဉ်ပေါင်ရွက်သင်၊ ကြက်သွန်ဖြူနီခွါ၊ မုံလာဥ လွာရခြင်းတို့သည် နာရီတွေကို လိုအပ်သည်ထက် ပို၍ စားသွား၏။ အရုဏ်ဆွမ်းသည် နေ့ဆွမ်းအသွင် ကူးပြောင်းရတော့မည်လော။ ဆွမ်းကတော့ ကျက်ပါ၏။ ဟင်းအတွက်လုံးပန်းရာတွင်မူ ထင်မှတ်မထားသော ရန်သူပေါ်လာ၏။ အသူဟုတ်ရအံ့နည်း။ အချဉ်ဟင်းချက်ရင်းတန်လန်း gas ကုန်ခမ်းသွားခြင်းတည်း။
မိုးကရွာ
မီးကလဲ မလာသေး။
gas ရယ်ကုန်၊
ရှင်ဂျွန်တို့ ဖြစ်ပုံကိုမြင်လှည့်ပါ့
( အို ဗျာ....၀ိသာခါတကာမကြီးရယ်)
လွမ်းလှချည်လေး။ ။
gas ၀ယ်ရန် နေရာမသိ၍ စီနီယာရဟန်းတော်တစ်ပါးကို အကူအညီတောင်းရ၏။ မိုးသဲသဲ စက်ဘီနောက်ကဆွဲထားသော လှည်းကျဉ်းကျဉ်းလေးထဲတွင် မြန်မာရဟန်းတော်(၂) ပါး သင်္ကန်းကြီးတလွှားလွှားဖြင့် မြန်မာပြည်ကထွက်သောgasုကို ကုလားနိုင်ငံ ကုလားဆိုင်တွင် ကုလားလိုပြော၍ သွားဝယ်ကြရ၏။ အလျဉ်းသင့်၍ ပြောရပါဦးမည်။ ရှင်ဂျွန်တို့ကိုယ်တိုင် ဈေးဝယ်ထွက်ရသဖြင့် လိုအပ်မည်ထင်သော ကုလားစကားလုံးများကို နုတ်တက်တက်ရွရွ ဆောင်ထားကြရ၏။ ဥပမာ...ကတ်တနာဟဲ---ဘယ်လောက်လဲ။ ဂျာယေးကာ--- သွားမယ်။ ဘတ်ဇ်--- ရပ်။ ကျလိုး----သွား....စသည်ဖြင့် ဈေးဝယ်ဖို့ ၊ ဂါဒီစီးဖို့ နေ့စဉ်အသုံးချ စကားလုံးများဖြစ်၏။
gas ၀ယ်ပြီးအပြန် ရှင်ဂျွန်တို့ နေရပ်အရောက်တွင် စီနီယာရဟန်းတော်က ဂါဒီသမားကို ရပ်ဖို့ ဘတ်ဇ် လို့အပြော၊ ရှင်ဂျွန်လည်း ကုလားစကားပြော expert ဖြစ်ကြောင်း ကြွားလိုသည်နှင့် ကျလိုး ဟု ပြောမိ၏။ အမှားကြီးရေချာ မှားချေပြီကော။ ဂါဒီသမားခမျာ ရပ်ပဲ ရပ်ရမလို၊ သွားပဲ သွားရမလို။ မိုးရေတွေစိုစွဲ၊ ငိုပွဲမှ ရယ်ပွဲဖြစ်ခဲ့ရသေး၏။ အရုဏ်နှင့်နေ့ကို ရောကျိုထားေးသာ ဆွမ်းသည် ချဉ်ဟင်တစ်ခွက်ဖြင့် ခန့်ခန့်ငြားငြားကြီး ပြုံးလို့။ မိတ်ဆွေရဟန်းတော်တို့က မေတ္တာမိုးတွေ ပက်ပက်စက်စက်ရွာချ၏။ မင်း ရှင်ဂျွန်မဟုတ်၊ ချဉ်ဂျွန်...တဲ့။
သေစမ်းပ၊ မြို့နယ်က လူကြီးတွေရယ်၊ အချဉ်ဟင်းတစ်ခွက်၏ စနက်ကြောင့် နာမည်အသစ် ရှင်ဂျွန့်အနာဂတ် page တွင် တွင်ရစ်ပြန်ပြီကော။
ရွှေပြည်ကြီးမှ အသားမဲမဲ အသံပြဲပြဲ ရှင်ဂျွန့်မိတ်ဆွေမလေးရေ.....
ရှင်ဂျွန် ယခုအပတ် chatting နဲ့ အဆက်ဖြတ်လိုက်ရပါပြီ။ chatting အစား ချက်ပြင်နဲ့ ( ဆွမ်းချက်၊ ဆွမ်းပွဲပြင်) နှစ်ပါးသွားရပါတော့မည်။ ည ကမူ ရှင်ဂျွန် အိပ်မက် မက်၏။ အိမ်မက်ထဲတွင် ဘီယွန်ဆေး က For the first day of the cook shin john သီချင်းကြီးကို အပီအပြင်ဟဲလို့။ ရှင်ဂျွန်လဲ တစုံတယောက်သောသူနှင့် OBAMA နဲ့ သူ့ Lady ကြီး စတိုင်လ် စည်းချက်ညီညီ ယိမ်းထိုးကခုန်လို့။ ။
အမှားများစွာဖြင့် ရှင်ဂျွန်။
၂၆. ၉. ၂၀၁
