အော်… မဟာလူသားတစ်ယောက်၏ လူ့ဝတ္တရားတာဝန် ကျေပွန်ခဲ့သော (သို့မဟုတ်) သားကောင်းသားမြတ်တစ်ယောက်၏ တာဝန်ဝတ္တရား ကျေပွန်ခဲ့သော နေ့ထူးနေမြတ် အခါသမယတောင် ကပ်ရောက်လာချေပြီကော။
သီတင်းကျွတ်လပြည့် (ယနေ့) လိုအချိန်ဝယ် အဘိဓမ္မာ အခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်အများစု ရှုမြင်သုံးသပ် အတွေးကပ်၍ ဘုရားသွားကျောင်းတက် ဥပုသ်သီတင်းဆောက်တည် ကုသိုလ်ဘာဝနာ မိမိသဏ္ဍာန်မှာတည်အောင် ပြုလုပ်ကြသော်လည်း မဟာလူသား မြတ်ဘုရား၏ သားတစ်ယောက်တာဝန် ကျေပွန်ခဲ့သောနေ့အဖြစ်က ရှင်ဂျွန့်အဖို့ အဓိပ္ပါယ်ပိုပြည့် အနှစ်သာရရှိနေသယောင်။
ရွှေပြည်ကြီးမှ ရှင်ဂျွန့်ဆရာသမားတစ်ဦး မိန့်ဟဖူးသောစကား ရှင်ဂျွန့်စိတ်နားဝယ် ပြန်ကြားယောင်မိပါ၏။ ရှင်ဂျွန့်ဆရာသမား ပြောကြားခဲ့သောစကားမှာ “ ဝတ္တရားတွေကျေပွန်မှ ဝဋ်ဆင်းရဲ့မှလွတ်မယ်”ဟူ၏။
လောကတွင် သံတူကြောင်းကွဲ စကားလုံးတွေများစွာရှိပါ၏။ ပ-ရရစ် လုံးကြီးတင် တစ်ချောင်းငင် “ပြို” ဟု အသံထွက်သလို၊ ပ-ယပင့် လုံးကြီးတင် တစ်ချောင်းငင်လည်း “ပျို” ဟု ပင်အသံထွက်ပါသည်။ အသံတူသော်လည်း အကြောင်းအရာ ကွဲလှပါ၏။ ပ-ရရစ် လုံးကြီးတင် တစ်ချောင်းငင် “ပြို” သည် ပြိုကျပျက်စီးခြင်းသဘောကိုဆောင်၍ ပ-ယပင့် လုံးကြီးတင် တစ်ချောင်းငင် “ပျို”သည် ပျိုမြစ်နုနယ်ခြင်း သဘောကိုဆောင်ပါသည်။
အလားတူစွာ ဝ-ကို တဝမ်းပူသတ်လျှင် “ဝတ်” ဟု အသံထွက်သလို ဝ-ကို ဋ-သံလျှင်းချိပ် သတ်မူ “ဝဋ်” ဟုပင်အသံထွက်ပြန်၏။ ဝ-ကိုတဝမ်းပူသတ်သော “ဝတ်” သည် လူသားတိုင်း ကျေပွန်စွာ ထမ်းဆောင်ရမည့် ဝတ္တရားဖြစ်၍ ဝ-ကို ဋ-သံလျှင်ချိပ် သတ်သော “ဝဋ်”သည် ဝဋ်ဆင်းရဲဖြစ်ပါ၏။
မဟာလူသား မြတ်ဘုရားသည် (၇)ဝါမြောက် တာဝတိံသာသို့ အရောက်ကြွ၍ မယ်တော်၏ကျေးဇူးကို ကျေပွန်အောင် ဓမ္မဖြင့် ကျေးဇူးဆပ်ပြီး၍ သီတင်းကျွတ်လပြည့်နေ့ဝယ် လူ့ပြည့်သို့ ပြန်ဆင်းခဲ့ပါ၏။ သို့အတွက်ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို ရှင်ဂျွန်တစ်ဦးတည်း၏ အလိုဆန္ဒအရ အဘိဓမ္မာအခါတော်နေ့ထက် မဟာလူသား မြတ်ဘုရား၏ သားတစ်ယောက်တာဝန်ကျေပွန်ခဲ့သောနေ့အဖြစ် သတ်မှတ်လိုက်ချင်ပါ၏။
မဟာလူသား မြတ်ဘုရားသည်သာမက မြတ်ဘုရား၏ လက်ယာရံတပည့်သား ရှင်သာရိပုတ္တရာစသော မထေရ်ကြီးများသည်လည်း သားတစ်ယောက်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပါ၏။
အလျှင်းသင့်၍ ရွှေပြည်ကြီးမှ ပါးစပ်ရာဇဝင် ကမ္ဗည်းမတင်ရသေးသော သားတစ်ယောက်တာဝန် ကျေပွန်ခဲ့သောအကြောင်း ရှင်ဂျွန် ပြန်ပြောင်းပြောချင်ပါသေး၏။
မန္တလေးတိုင်း မတ္တရာနယ်တွင် ဘုရားဆင်းတုတော် ထုတ်လုပ်သော စကျင်တောင်ရှိပါသည်။ ထိုစကျင်တောင်၏သမိုင်းတွင် အသောကမင်းကြီး ကံတော်ကုန်ခါနီးဝယ် သူ့မှာ လှူဒါန်းစရာ သျှစ်သျှားသီးတစ်ခြမ်းသာကျန်တော့ကြောင်း စဉ်းစားမိ၍ နှလုံးမသာမယာဖြစ်ခါ ကံကုန်သော် ထိုတောင်တွင် စပါးကြီးမြွေ ဖြစ်ရသည်ဟူ၏။ သားတော်မဟိန္ဒမထေရ်သည် သူ့ခမည်းတော် မည်သည့်ဘဝ ရောက်နေသနည်းဟု ဆင်ခြင်သော် စပါးကြီးမြွေဖြစ်နေကြောင်း သိရ၍ ထိုတောင်သို့သွားပြီး ခမည်တော်စပါးကြီးမြွေကို တရားဟော၊ သီလဆောက်တည်စေ၏။ ခမည်းတော်စပါးကြီးမြွေသည် ထိုအခါမှစ၍ အသားများကိုရှောင်ကြဉ်သဖြင့် ထိုတောင်ကို သားကြဉ်တောင်ဟု ခေါ်ကြသည်။ ကာလရွေ့လျှောလာသော် သားကြဉ်မှ စကျင်တောင်ဟု ဖြစ်လာသည်ဆို၏။
ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ ရှင်ဂျွန့်ရင်ကို တာဝန်ကျေသော သားတစ်ယောက်က ဝင်ရောက်နေရာယူသွားသည်မှာတော့ အမှန်ပင်။
လူသားတို့တွင် မိဘဝတ္တရား၊ သားသမီးဝတ္တရား၊ ဆရာဝတ္တရား၊ တပည့်ဝတ္တရား၊ အကြီးအကဲဝတ္တရားစသည်ဖြင့် ဝတ္တရားများကိုယ်စီ ရှိကြသည်သာဖြစ်၏။ ထိုဝတ္တရားများကို ကျေပွန်မှ ဝဋ်ဆင်းရဲက လွတ်မြောက်ပေလိမ့်မည်။ လူသားတိုင်း ဆင်းရဲတော့ကင်းချင်ရှာကြပေလိမ့်မည်။ သို့သော် ဝတ္တရားများကော ကျေပွန်ကြပါ၏လော။
ဖိတ်လို့သာဖိတ်ရ စိတ်ကတော့ သိပ်မလုံပါရှင့် ဟူသောသီချင်းလေးကို အဆိုတော် နီနီဝင်းရွှေ သီဆိုသည်ကို ရှင်ဂျွန်ကြားဖူးပါသည်။ ရှင်ဂျွန်လည်း ပြောသာပြောရ စိတ်ကောတော့ သိပ်မလုံလှ။ရှင်ဂျွန်ကော...ဝတ္တရားတွေ ကျေပွန်ပါရဲ့လား။ ကျေပွန်အောင်လုပ်မည်ဟု စိတ်ကူးကောရှိပါရဲ့လား။ မည်သည့်အချိန်တွင်မှ ကျေပွန်ပါမည်လဲ။ မေးခွန်းပေါင်းစုံသည် ရှင်ဂျွန့်ရင်ကို တရစပ် မရပ်မနား ထိုးနှက်ပစ်ခတ်လျှက်…………..။

အမှားများစွာဖြင့်
ရှင်ဂျွန်
(၁၂-၁၀-၂၀၁၁ သီတင်းကျွတ်လပြည့်)