မူလစာမျက်နှာ

Sunday, 9 October 2011

“ရှင်ဂျွန်ရဲ့ ပဝါရဏာ အတွေးစများ”

အလုပ်မရှိ ငုံးတိတိနှင့် နှုံးချိမဲ့ယောင် အူကြောင်ကြောင်ကို နောင်လဲမလို ခုလဲပို၏ ---ဟူသော သြဝါဒပျို့လေးကို ရှင်ဂျွန့်၏ ရွှေပြည်တော်ကြီးမှ ဆရာသမားတစ်ဦး အမြဲတမ်းတဖွဖွ ဆုံးမဖူးပါ၏။ ရှင်ဂျွန့်မျက်မှောက်ဘဝ သြဝါဒလေးနဲ့ တသားထဲကျခဲ့ပြီးလောမသိ။
        
ရှင်ဂျွန်တို့ ကျောင်းအပ်ပြီး ကျောင်းမှမတတ်ရသေး၊ ကာဠီမယ်တော် ပူဇာကရဏပွဲတော်ဖြစ်၍ ကျောင်း(၁၅)ရက်ပိတ်လိုက်သောဟူ၏။ “ခန့်စာမှမရောက်သေး၊ ဖြုတ်စာကအရင်ရောက်နှင့်” ဟူသော ရွှေပြည်တော်ကြီးမှ အများသုံးဝေါဟာရအတိုင်း ကြုံလိုက်ရ၏၊ ရှင်ဂျွန့်မှာ ကျောင်းလဲမသွားရ၊ ငုံတိတိနှင့်အူကြောင်ကြောင်။ မဖြစ်သေး။ ခုလဲမလို နောင်လဲပိုနေမှဖြင့် ----- ။
         
ရှင်ဂျွန် ပိဋကတ်တော်ထဲ ခုန်ဆင်းလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင် ရှင်ဂျွန်ခုန်ဆင်းလိုက်မိသည်က မဟာဝါ။ ဖတ်ရင်းဖတ်ရင်း ပဝါရဏာပိုင်းသို့ရောက်လာ၏။ အော်----- ရဟန်းတော်တို့၏ ညီညွတ်မှု unity ပွဲတော် ပဝါရဏာနေ့တောင် ရောက်လုချေပြီးကော။
 
           ရှင်ဂျွန့်ကို ပဝါရဏာဆိုသည့် စကားလုံးက တိတိကျကျ ဖမ်းစားလိုက်၏။ ပဝါရဏာဆိုသည်မှာ ဖိတ်ကြားခြင်းဟု အဓိပ္ပါယ်ရပါ၏။ အတိအကျ မြန်မာလို ဘာသာပြန်ရချေသော် အပြစ်ကို မြင်တွေ့ကြားသိ သံသယဖြစ်မိသော် ဖုံးကွယ်မှုမရှိ ပကတိပွင့်လင်းစွာဖြင့် ဆုံးမပေးတော်မူကြပါ အပြစ်မြင်သော် ရင်ဘတ်ထဲမှာ သိုဝှက်မထား ပြောကြားတော်မူကြပါ---ဟု ဖိတ်ကြားခြင်းဖြစ်ပါ၏။
 
         ဤကဲ့သို့ဖိတ်ကြားရာမှာလည်း ရဟန်းတော်များ တစ်သိမ်တည်းမှာ စုဝေးကြပြီးသော် ဝါတော်အကြီးဆုံး မထေရ်ကြီးက လက်ဝဲတစ်ဖက် ပုခုံးထက်ဝယ် ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီကာ--
“ငါ့ရှင်တို့ သံဃာကိုဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ၊ ငါ့ရှင်တို့သည် ငါ့အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကြကုန်လော။ အပြစ်ကိုမြင်သည်ရှိသော် ကုစားပါအံ့” ဟု-- အဓိပ္ပါယ်ရသော ပါဠိဘာသာစကားဖြင့်သုံးကြိမ်သုံးခါ  ဖိတ်ကြားရ၏။
 
           ထို့နောက် ဝါစဉ်အလိုက် တစ်ပါးပြီးတစ်ပါး ဖိတ်ကြားပြီးသော် ဝါအငယ်ဆုံးရဟန်းက နောက်ဆုံးမှဖိတ်ကြားရ၏။
 
         ရှင်ဂျွန်စဉ်းစား အတွေးပွားမိသည်မှာ ရဟန်းတော်တို့ ပဝါရဏာပြုသကဲ့သို့ လူသားတို့လည်း မိသားစုပဝါရဏာ၊ ရပ်/ကျေးပဝါရဏာ၊ မြို့နယ်ပဝါရဏာ၊ ခရိုင်ပဝါရဏာ၊ တိုင်းပဝါရဏာ၊ နိုင်ငံပဝါရဏာ၊ ကမ္ဘာ့ပဝါရဏာ ပွဲတော်များ ပြုလုပ်လိုက်ရလျှင် အတီမျှကောင်းချိမ့်မည်နည်း။
 
          ဥပမာ မိသားစုပဝါရဏာဆိုလျှင် မိသားစုစုံညီစုဝေး၍ အဖေနှင့်အမေကစတင်ကာ “သားတို့သ္မီးတို့ အဖေတို့အမေတို့ရဲ့ အပြစ်တွေကို မြင်တွေ့ကြားသိ ယုံမှားဖြစ်မိရင် အဖေတို့အမေတို့ကို အားမနာပါနဲ့ ပွင့်ပွင့်လင်းလင်းပြောကြ၊ အဖေတို့အမေတို့ နောင်မဖြစ်အောင် နေထိုင်သွားကြမယ်ကွယ့်” ဟု ပြောကြားရမည်ဖြစ်သလို သားတို့သ္မီးတို့ကလည်း အဖေတို့အမေတို့ကိုတဖန် အပြစ်တွေ့က ဆုံးမရန် ခွင့်ပန်ကြရပေလိမ့်မည်။
 
       အလားတူ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံတော်၊ ကမ္ဘာ့လူကြီးတွေလည်း………။
       ရှင်ဂျွန့်စိတ်မျက်စိဝယ် နိုင်ငံအသီးသီးမှ လူကြီးများ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ၍ နိုင်ငံတော်သူ နိုင်ငံတော်သားများကို တီဗွီထဲမှ…………….။ 
  ငြိမ်းချမ်းပျော်ရွှင်သော မိသားစု ၊နိုင်ငံ ၊ ကမ္ဘာကြီးအဖြစ်သို့ရောက်ရန် ကျွန်ုပ်တို့ အချင်းချင်းနားလည်မှုရှိဖို့ လိုအပ်သည် (To be peaceful and happy family /country /world , we all need the mutual understanding ) ဟု ရှင်ဂျွန် ကြားဖူးမှတ်သားဖူးပါ၏။ အပြစ်ကိုမြင်သော် အပြုသဘောဆောင်သော ရေးသားပြောဆို ဆုံးမမှု၊ အပြစ်ထောက်ပြပြောဆိုဆုံးမသော် ရွှေစိတ်တော်မညိုကြပဲ လက်သင့်ခံစဉ်းစား ပြုပြင်သွားနိုင်မှုများရှိမှ တော်ပေလိမ့်မည်။ 

အပြစ်ကိုမြင်တွေ့သော် ဝေဖန်အကြံပေးရန် တောင်းပန်ဖိတ်ကြားရဲသောသတ္တိ၊ အပြစ်ကိုထောက်ပြပြောဆိုသော် လိုက်နာကျင့်ကြံနိုင်ရဲသော သတ္တိ လူသားတို့ ယနေ့ကမ္ဘာတွင် လိုအပ်နေပါပြီ။ သို့မှသာ မိဘနှင့် သားသမီး ဆရာနှင့် တပည့် လူကြီးနှင့်လူငယ် အရာရှိနှင့်လက်အောက်ငယ်သား နိုင်ငံအကြီးအကဲနှင့် တိုင်းသူပြည်သားတို့ ငြိမ်းချမ်းပျော်ရွှင်သော လူမှုအသိုင်းအဝိုင်း လူ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပေလိမ့်မည်။ 

တနည်းအားဖြင့် လူသားပဝါရဏာများ ကမ္ဘာအနှံ့အပြားတွင် များသည်ထက်များအောင် ပြုလုပ်ဖို့ သင့်တော်နေပါပြီ။
        
ရှင်ဂျွန်တော့ ပဝါရဏာနေ့မရောက်သေးသော်လည်း ကြိုတင်၍ pre ပရီပဝါရဏာ ပြုလုပ်လိုက်ပါ၏။
ရှင်ဂျွန်၏စာများတွင် အယူအဆလွဲမှားမှု၊ အကြောင်းအရာ မဆီလျှော်မှု၊ စကားလုံးဖောင်းပွမှု၊ အရေးအသားညံ့ဖျင်းမှု၊ ဝါကျအထားအသိုမှားယွင်းမှု၊ တစ်စုံတစ်ဦးကို ထိရှစေမှု စသောအမှားများ ပါသွားခဲ့သော်……………………….။

                                                                
အမှားများစွာဖြင့် 
ရှင်ဂျွန်
(  10.10.2011  )

No comments:

Post a Comment