နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တွေရဲ့ လူသားကျေးဇူးရှင် အဇာတသတ်မင်းရဲ့ လပြည့်ညတောင် ရောက်လာပြန်ပြီကော။ အော်…… သာမညဖလအခါတော်နေ့တဲ့။ သာသနာ့ဝန်ထမ်း ရှင်၊ရဟန်းတွေရဲ့ အကျိုးကျေးဇူးတွေ မြတ်ဗုဒ္ဓ ရွှေနှုတ်တော်ဟလိုက်တာ အဇာတသတ်မင်းရဲ့ ဘဝလပြည့်ည ဆီးနှင်းမြူတိမ်သူရိန်မီးခိုးတွေ ကင်းပလို့ပေါ့။ သာယာငြိမ်းချမ်းလိုက်ပါဘိ။ ရှင်ဂျွန်တော့ ပြည်ဗာရာရဲ့ မျက်မှောက်ခေတ် လပြည့်ညကို အခန်းပြတင်းတံခါးက ကြည့်လိုက်ရင်း သာသနာ့ဝန်ထမ်းတွေရဲ့ မျက်မှောက်ခေတ် အခေါ်အဝေါ်တွေကို အတွေးများနဲ့ ကစားလိုက်မိပါတယ်။
ရှင်ဂျွန်တို့ သာသနာ့ဝန်ထမ်းတွေကို မျက်မှောက်ခေတ်မှာ ရှင်၊အရှင်၊ ကိုရင်၊ဦးပဉ္ဇင်း၊ဘုန်းကြီးရယ်လို့ ရွှေပြည်ကြီးမှာ သုံးနှုန်းခေါ်ဝေါ်လေ့ရှိကြတယ်။ ဘုန်းဘုန်းလို့ ပြုံးပြုံးကြီးခေါ်ကြတာမျိုးလည်း ရှိပေသပေါ့။
ကိုရင်ဆိုတာကတော့ ရှင်ဂျွန့်ငယ်ဆရာသမား ပြောသလိုသာပြောလိုက်ရရင် “မင်းတို့ ကိုရင်လား ၊ကိုရိုင်းလား။ ယဉ်ယဉ်ကျေးကျေးရှိမှ ကိုရင်၊ ရိုင်းစိုင်းကြမ်းတမ်းရင် ကိုရိုင်း” တဲ့။
ရှင်ဂျွန်တို့ငယ်ငယ်က ကိုရိုင်းအခါခါဖြစ်ခဲ့ပြီး ကျောပြင်ပေါ် ကြိမ်လုံးအခါခါ နားခိုဖူးခဲ့ပါရဲ့..။
ရှင်၊အရှင်ဆိုတာ….. အရဟံ ပုဒ်ကလာတယ်။ အရဟံဆိုတာ အပူဇော်ခံထိုက်သူ၊ အရဟံ-မှ ဟ-ဟာ ဟထိုးဖြစ်ပြီး ရ-ကိုသွားကပ်တယ်။ ဒီတော့ အရှံ-ဖြစ်သွားတယ်။ အရှံ-မှ အရှင်၊ ကိုရင်တွေကို ရှင်၊ရဟန်းတွေကိုအရှင် တဲ့။ ဟုတ်ပေမယ်ပေါ့။ သာမညဖလသုတ်မှာ ရဟန်းဖြစ်သွားတဲ့ မိမိရဲ့ အစေခံကိုတောင်မှ ပူဇော်ကြရ၊ ရှိခိုးကြရတယ်ဆိုပဲ။
ဦးပဉ္ဇင်းဆိုတာ…..ဥပသမ္ပဒ ပုဒ်ကလာပြီးတော့ ရဟန်းဖြစ်ဖို့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံသူလို့ အဓိပ္ပါယ်ရလေသတဲ့ ။ ဥပသမ္ပဒ-မှ ဥပသမ်၊ ဥပသမ်-မှ ဥပဇမ်၊ ဥပဇမ်-မှ ဦးပဉ္ဖင်းတဲ့ အခုတော့လွယ်လွယ်ဦးပဇင်းလို့ခေါ်ကြဆိုကိုး ။ ရှင့်ဂျွန့်ကျေးဇူးရှင်မိခင်ကြီးကတော့ သားမောင်ပဇင်းလို့ ချစ်ခြင်းကြီးစွာ အာလုပ်ပြုတတ်တာလွမ်းမိသေးတော့။
ရဟန်းဆိုတာကတော့ အရဟန္တ-ပုဒ်ကလာတာ ထင်ရှားနေပါပြီး။ ဘုန်းကြီးဆိုတာကတော့ ဘုန်းကံကြီးမားလို့ ဘုန်းကြီးတဲ့။ လေးစားတဲ့ဆရာတော်ကြီးတွေကို ဘုန်းတော်ကြီးလို့လည်း ရိုသေသမှုနဲ့ သုံးစွဲကြတာ ကြားရတတ်ပါသေးတယ်။
ဒါတွေကတော့ ရှင်ဂျွန်ကြားဖူး မှတ်သားဖူးတာတွေ ပြန်စဉ်းစားမိတာပါ။
ကဲ……. ရှင်ဂျွန်ကော။ ကလောင်နာမည်ရှေ့ဖျားမှာ “ရှင်” တတ်ထားလိုက်မိပါပြီ။ ဟိုးတစ်ခေတ်ဆီက မြန်မာ့စာပေမိုးကောင်းကင်မှာ တလက်လက်တောက်ပခဲ့ကြတဲ့ မဟာကလောင်ကြယ်ပွင့်ကြီးတွေဖြစ်တဲ့ ရှင်အုန်းညို..ရှင်ခေမာ ရှင်ဥတ္တမကျော် ရှင်မဟာရဋ္ဌသာရတို့ကို တုပလိုခြင်းတော့ မဟုတ်ကြောင်း ၀န်ခံရပေမယ်…။ ရှင်ဂျွန်က ရှင်ဂျွန်ဖြစ်နေတာကိုပဲ ရှင်ဂျွန်ပျော်လို့ မဆုံး..။
တတ်ထားတဲ့ “ရှင်” က အရဟံပုဒ်ကလာတဲ့ “ရှင်”မှဖြစ်ပါရဲ့လား။ ပူဇော်ထိုက်သူမှ ဟုတ်ပါရဲ့လား။ အော်.....ရှင်ဂျွန်……။ ပူဇော်ခံ ထိုက်သော “ဂျွန်”…..။ ရှင်ဆိုတဲ့ဝေါဟာရက ရှင်ဂျွန့် ရင်ညွန့်ပေါ်မှာ လေးလံဖိစီးလှချည့်။ ရှင်ဂျွန်ရဲ့ ပြည်ဗာရာ လပြည့်ညဟာ ဆီးနှင်းမြူတိမ် သူရိန်မီးခိုးတို့ ခ,ခဲ့ပြီးထင်ပါရဲ့ ……….။
သို့သော်လည်းတဲ့ပေါ့လေ… အချို့သော လေဒီစာဆိုအချို့က သူရို့ကလောင်ရှေ့မှာ ဘောလ်ပင်ရှေ့မှာ၊ နောက်ဆုံးကီးဘုတ်ရှေ့မှာ ရှင်ညိမ်းမယ်…ရှင်နှောင်း ရှင်မိုး စသည် တရှင်တည်း ‘’ရှင်’’ တတ်ကြတာ ရှင်ဂျွန်နှင့် ပုံလိင် ထီလိင် ကွဲပါကြောင်း….။
အမှားများစွာဖြင့်
ရှင်ဂျွန်
(သာမညဖလအခါတော်နေ့နှင့် ည)